2 အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏ လူသေတို့သည် ထားလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။
3 သင်၏ မင်းအပေါင်းတို့သည် အတူပြေးကြ၏။ လေးသမားတို့ လက်၌ ချည်နှောင်လျက်ရှိကြ၏။ တွေ့သမျှသော သင်၏ လူတို့သည် အဝေးသို့ ပြေးသော်လည်း၊ အတူချည်နှောင်လျက်ရှိကြ၏။
4 ထိုကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုးသတို့သမီး ပျက်စီးသည်ဖြစ်၍၊ ငါ့စိတ်ပြေစေခြင်းငှါ မကြိုးစားပါနှင့်။
5 ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရ ဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ရှက်ရာကာလ၊ မြို့ရိုးကို ဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။
6 ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့်တကွ လာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။
7 သင်၏ အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့် ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချ ကြ၏။
8 ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံ သိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။