1 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။
2 မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာ ဖြစ်စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။
3 ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။
5 သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။