ဟေ​ရှာ​ယ 25:4-10 BJB

4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။

5 သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။

6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။

7 လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။

8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

9 ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။

10 အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။