14 မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင်လည်း မီးဖိုထဲက မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ၊ နှမြောခြင်းမရှိဘဲ ခွဲခြင်းကို ခံရလိမ့်မည်။
15 ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ သင်တို့သည် ထိုသို့သော အလိုမရှိကြ။
16 ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြလိမ့်မည်။
17 သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ်တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း ဖြစ် ရသည်တိုင်အောင်၊ တယောက်သော သူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည်။ ငါးယောက် ခြိမ်းလျှင်၊ တသောင်းပြေးကြလိမ့်မည်။
18 သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
19 ယေရုရှလင်မြို့၌နေသော ဇိအုန်အမျိုး၊ သင်သည် အစဉ်ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မသနားတော်မူလိမ့်မည်။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။
20 ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။