ဟေ​ရှာ​ယ 33:1-7 BJB

1 သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ်သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။

2 အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။

3 အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။

4 သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။

5 ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။

6 ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။

7 သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာယစကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။