ဟေ​ရှာ​ယ 37:17-23 BJB

17 အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသောစကား အလုံးစုံတို့ကို မှတ်တော်မူပါ။

18 အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊

19 သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။

20 အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာပြုလေ၏။

21 ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည်ဖြစ်၍၊

22 ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။

23 သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။