1 သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
2 စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ။
3 တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။
4 ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
5 ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
6 တဖန် ထိုအသံက၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
7 ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေ တတ်၏။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ၏။