ဟေ​ရှာ​ယ 45:17-23 BJB

17 ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။

18 မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

19 ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟောတတ်သော ထာဝရဘုရားဖြစ်၏။

20 သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်းတိုင်း အပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။

21 သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

22 မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။

23 ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည်ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။