1 ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ ထမ်းဘူးသော ဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။
2 သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
3 အိုယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
4 သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။
5 သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
6 ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။
7 ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနှုတ်နိုင်။