7 ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက်ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည်အကြောင်း၊
9 ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရားကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ်တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
10 သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
11 ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
12 ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့် အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
13 အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။