ဟေ​ရှာ​ယ 51:1-7 BJB

1 ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။

2 သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဘွားသော သူစာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းကြီးပေးသဖြင့် များပြားစေ၏။

3 ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့၎င်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်။

4 ငါ၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှ တရားထွက်၍ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည်။

5 ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။

6 မိုဃ်းကောင်းကင်ကို မျှော်၍ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ ကယ်တင်ခြင်းတရားမူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။

7 ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။