ဟေ​ရှာ​ယ 52:2-8 BJB

2 အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သောအရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ်လော့။

3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။

4 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။

5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည်ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။

6 သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကို သိကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။

7 ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။

8 သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြလော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံနှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။