ဟေ​ရှာ​ယ 54:1-7 BJB

1 သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသောသားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

2 သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက်လော့။

3 အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသော မြို့တို့၌ နေကြလိမ့်မည်။

4 မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက်တဖန် မအောက်မေ့ရ။

5 အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူသည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း။ သင့်ကို ရွေးနှုတ်သော သူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရားဖြစ်တော်မူ၏။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။

6 စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။

7 သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာသော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။