4 သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သော အရပ်၌ မိမိတို့ အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။
5 ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက်ဟူ၍၎င်း မှည့်အပ်သလော။
6 ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။
7 မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
8 သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီသည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။
9 သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊
10 မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။