ဟေ​ရှာ​ယ 59:7-13 BJB

7 သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေးတတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။

8 ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွားရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသောသူမည်သည်ကား၊ ချမ်းသာကို မသိရ။

9 ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။

10 မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ်ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။

11 ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။

12 ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။

13 ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။