ဟေ​ရှာ​ယ 65:17-23 BJB

17 ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

18 ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။

19 ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။

20 ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက်မပြည့်စုံသောလူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။

21 ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။

22 သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။

23 ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။