ဟေ​ရှာ​ယ 65:7-13 BJB

7 သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

8 တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။

9 ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။

10 ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

11 သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူဖြစ်ကြ၏။

12 သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။

13 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။