ဟေ​ရှာ​ယ 66:1-6 BJB

1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။

2 ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။

3 တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။

4 ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။

5 ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သောသူတို့၊ စကားတော်ကို နားထောင်ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။

6 မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။