1 တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
2 ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
3 ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
4 အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟုမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။
5 တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်းညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
6 ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊
7 ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍၊ မိမိကမ်းများကို လျှံလျက်၊