၁ ရာ 17:27-33 BJB

27 သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။

28 ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။

29 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက်၊

30 အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။

31 ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။

32 ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင်၊-

33 ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊-