၁ ရာ 23:12-18 BJB

12 တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။

13 ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။

14 ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။

15 တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊

16 ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊

17 မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊

18 ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။