11 ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
12 လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
13 ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
14 အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
15 ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
16 သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
17 ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။