၁ ရာ 7:1-6 BJB

1 ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ်၌ ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှါ၊ သူ၏သား ဧလာဇာကို သန့်ရှင်းစေကြ၏။

2 သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရဘုရားကို အောက်မေ့၍ မြည်တမ်းကြ၏။

3 တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-

4 ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။

5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊

6 သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကို ခပ်၍ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။