1 နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
2 သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3 ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
4 သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
5 ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
6 ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
7 နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။