9 တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊
10 ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တဖန်သင့်ကို မနှောင့်ရှက်ရဟု မိန့်တော်မူသော်၊
11 မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကို သတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည်အထူးသဖြင့် မဖျက်ဆီးစေခြင်းငှါ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား ၏ဆံပင်တပင်မျှ မြေပေါ်သို့ မကျရဟု မိန့်တော်မူ၏။
12 တဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတခွန်းလျှောက်ရသော အခွင့် ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။
13 မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လူတို့တဘက်၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီးနှင်ထုတ်သော သူကို တဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။
14 ငါတို့သည် သေအံ့သော သူဖြစ်ကြ၏။ မြေပေါ် မှာသွန်းပြီးလျှင် နောက်တဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသော သူသည် အစဉ် နှင်ထုတ်ခြင်းကို ခံ၍ မနေရမည်အကြောင်း ကြံစည် တော်မူ၏။
15 သို့ဖြစ်၍ ကျွန်တော်မသည် လာ၍ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည်ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်း ပြုတော်မူမည်။