၃ ရာ 10:13-20 BJB

13 ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။

14 ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

15 ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။

16-17 ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။

18 ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ရွှေစင်နှင့် မွမ်းမံလေ၏။

19 ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။

20 လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။