၃ ရာ 13:4-10 BJB

4 ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။

5 ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။

6 ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။

7 ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအားဆိုလျှင်၊

8 ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။

9 ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။

10 ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။