၃ ရာ 14:14-20 BJB

14 အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။

15 အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။

16 ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ၏။

17 ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။

18 ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

19 ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။

20 ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။