17 ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
18 ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
19 ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
20 ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
21 ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သောယေရုရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
22 ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။
23 မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တုများ၊ အာရှရပင်များကို တည်ကြ၏။