၃ ရာ 15:14-20 BJB

14 မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။

15 ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။

16 အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

17 ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။

18 ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊

19 ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သောမိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။

20 အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။