၃ ရာ 16:13-19 BJB

13 အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။

14 ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။

15 ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။

16 ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။

17 ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထားကြ၏။

18 မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။

19 အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။