၃ ရာ 16:5-11 BJB

5 ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

6 ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

7 ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊

8 ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊

9 ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊

10 ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။

11 နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။