38 ထိုအခါ ထာဝရဘုရား၏မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသော ရေကိုလည်း ခန်းခြောက်စေ၏။
39 လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။
40 ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
41 ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုဃ်းရွာမည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင်၊
42 အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက်၊
43 မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟု ဆို၏။
44 ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။