22 ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင်မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရသနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ်အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ဟု မယ်တော်အား ပြန်ပြောပြီးမှ၊
23 တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင်သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
24 ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော်ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကိုပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပြီးမှ၊
25 ယောယဒသားဗေနာယကိုစေလွှတ်၍၊ အဒေါနိယကို သေအောင်လုပ်ကြံလေ၏။
26 ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင်၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
27 ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်းပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော်မူ၏။
28 ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော်လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထိုသိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။