33 ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊
34 ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။
35 ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ်ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။
36 တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရမည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။
37 မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊
38 ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန်လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။
39 သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန်နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံသို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊