၃ ရာ 20:10-16 BJB

10 တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်းတို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက်လေသော်၊

11 ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။

12 ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ၏။

13 ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။

14 အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။

15 အာဟပ်မင်းသည်မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလအမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင်ရှိ၏။

16 မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင်သောက်လျက် နေကြ၏။