၃ ရာ 22:12-18 BJB

12 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။

13 မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ၏။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊

14 မိက္ခာတ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို၏။

15 ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။

16 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊

17 မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိ သောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။

18 ဣသရေလရှင်ဘုရင်ကလည်း၊ သူသည်ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။