၃ ရာ 22:6-12 BJB

6 ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။

7 ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံ တပါးမျှမရှိသလောဟု မေးသော်၊

8 ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။

9 ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။

10 ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။

11 ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိလူတို့ကို မဖျက်ဆီးမှီတိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။

12 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။