၃ ရာ 4:21-27 BJB

21 ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။

22 တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယောမုန့်ညက်ကောရခြောက်ဆယ်၊

23 ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင်ကျွေးသောငှက်မျိုး တည်း။

24 ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။

25 လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။

26 ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။

27 ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက်တလစီ စုံလင်စွာ ပြင်ဆင်ရကြ၏။