3 ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရသောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊
5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့်ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
6 မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
7 ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြားလျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသောသားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
8 မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။
9 ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော်သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံစေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော၏။