၃ ရာ 8:43-49 BJB

43 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။

44 ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအားဆုတောင်းကြလျှင်၊

45 သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။

46 မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊

47 ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

48 သိမ်းသွားသောရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊

49 သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။