46 မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
47 ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
48 သိမ်းသွားသောရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊
49 သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။
50 ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာစိတ်သဘောကို ပေးတော်မူပါ။
51 အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
52 ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကားအလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။