2 ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
3 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။
4 ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်းသော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင်သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
5 ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။
6 သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။
7 ထိုအခါယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ်တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲနေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
8 ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။