၄ ရာ 17:34-40 BJB

34 ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြ သည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။

35 ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည်အခြားတပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူ ဇော်ရ။

36 သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။

37 သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ ချက်ပညတ်တရားတို့ကို အစဉ်အမြဲ စောင့်ရှောက်ရမည်။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။

38 သင်တို့နှင့်ငါ ဖွဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ။

39 သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော် မူမည်ဟု မှာထားတော်မူ သော်လည်း၊

40 သူတို့သည်နားမထောင်ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။