22 သင်သည် အဘယ်သူကိုကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
23 သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင် အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်ရူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသော ခိုလှုံရာအသီးများသော တောထဲသို့ ငါဝင်ပြီ။
24 ငါသည် တွင်းတူး၍ မမြည်းဘူးသောရေကို သောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီ တကား။
25 ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။
26 ထိုကြောင့်မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
27 သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌ အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။
28 ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။