6 ဟေရှာယကလည်း၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့ ၍၊ သင်သည်ကြားရသော စကားကြောင့် မကြောက်နှင့်။
7 ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏သခင်အား ပြန်ကြားကြလော့ ဟုပြောဆို၏။
8 ထိုအခါ အာရှိုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား၍ လိဗနမြို့ကိုရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
9 နောက်တဖန်ကုရှမင်းကြီး တိရက္ကသည် စစ်ချီ ၍လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန်၍၊
10 သင်တို့သည် ယုဒမင်းကြီး ဟေဇကိကို ပြောရသော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။
11 အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည် တို့ကို လုပ်ကြံ၍ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
12 ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့၏ဘုရားများတို့သည် ကယ်ယူကြပြီလော။