၄ ရာ 9:3-9 BJB

3 ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။

4 ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။

5 ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။

6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။

7 ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။

8 အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်းငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။

9 အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သားဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။