4 ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။သူနှင့်အတူအပြစ်မကူးကြနှင့်။သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။
5 အဘယ်ကြောင့်ဆိုသော်သူ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင်မြင့်မား၍သူ၏ဆိုးယုတ်သောအပြုအမူများကိုဘုရားသခင်သတိရတော်မူလေပြီ ဖြစ်သောကြောင့်တည်း။
6 သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့်သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
7 သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှသူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟုမိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။
8 ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည်သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။အဘယ်ကြောင့်ဆိုသော်သူ့အားတရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည်တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
9 သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
10 သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။