1 ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
2 အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
3 ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
4 ဧည့်သည်များအိပ်ရာမဝင်မီယောကျာ်းအကြီးအငယ်အပါအဝင် သောဒုံမြို့သားအပေါင်းတို့သည်လောတ၏အိမ်ကိုဝိုင်းထားကြ၏။-
5 သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။