1 ၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။-
2 ထိုအရပ်တွင်ယုဒသည် ခါနာန်အမျိုးသား ရှုအာဆိုသူ၏သမီးကိုတွေ့မြင်၍ထိမ်းမြား လေ၏။-
3 သူ့မယားသည်သားတစ်ယောက်ကိုဖွားလျှင် ထိုသားကိုဧရဟုနာမည်မှည့်လေ၏။-
4 တစ်ဖန်သားတစ်ယောက်ဖွားလျှင်သြနန်ဟု နာမည်မှည့်လေသည်။-
5 နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
6 ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။-
7 ဧရသည်ထာဝရဘုရားရှေ့တော်တွင်အကျင့် ဆိုးသောသူဖြစ်ခြင်းကြောင့် ထာဝရဘုရား သည်သူ့အားအသက်တိုစေတော်မူ၏။-
8 ထိုအခါယုဒသည်သားသြနန်အား``သင် သည်အစ်ကို၏ဇနီးအားမတ်တစ်ယောက် အနေဖြင့်တာဝန်ရှိသူဖြစ်သောကြောင့် သူ နှင့်အိမ်ထောင်ပြု၍အစ်ကိုအတွက်မျိုးဆက် ပွားစေလော့'' ဟုဆိုလေ၏။-
9 သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
10 သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
11 ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
12 ကာလအတန်ကြာလေသော်ယုဒ၏မယား ရှုအာကွယ်လွန်လေ၏။ ယုဒသည်မယားအတွက် ငိုကြွေးမြည်တမ်းရာနေ့ရက်ပြီးဆုံးသောအခါ မိမိမိတ်ဆွေအဒုလံအမျိုးသားဟိရနှင့် အတူမိမိ၏သိုးများကိုအမွေးညှပ်ရန် တိမနတ်မြို့သို့သွားလေ၏။-
13 တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။-
14 ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
15 ယုဒသည်တာမာကိုမြင်လျှင်မျက်နှာကိုပုဝါ နှင့်ဖုံးထားသောကြောင့် ပြည့်တန်ဆာမတစ်ယောက် ဟုထင်မှတ်လေ၏။-
16 သူသည်လမ်းဘေး၌ထိုင်နေသောတာမာထံသို့ သွားပြီးလျှင်``ငါသင်နှင့်အိပ်လိုသည်'' ဟုဆို လေ၏။ (ထိုမိန်းမသည်သူ၏ချွေးမဖြစ်မှန်း မသိချေ။) မိန်းမကသူ့အား``ကျွန်မနှင့်အိပ် လိုလျှင်မည်သည့်အခကိုပေးမည်နည်း'' ဟု မေးလေ၏။
17 သူက``ငါ၏တိရစ္ဆာန်ထဲမှဆိတ်ငယ်တစ်ကောင် ကိုပို့လိုက်မည်'' ဟုပြန်ဖြေ၏။မိန်းမက``ဆိတ်ငယ်ကိုမပို့သေးမီအာမခံပေး လျှင် သဘောတူပါမည်''ဟုဆို၏။
18 သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။-
19 တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
20 ယုဒသည်မိန်းမထံမှအာမခံပစ္စည်းများကို ပြန်ယူရန် သူ၏မိတ်ဆွေဟိရကိုဆိတ်ငယ်နှင့် အတူစေလွှတ်လေ၏။ ဟိရသည်မိန်းမကို ရှာမတွေ့လျှင်၊-
21 ဧနိမ်မြို့သားတို့အား``လမ်းဘေး၌ထိုင်လေ့ ရှိသောပြည့်တန်ဆာမအဘယ်မှာရှိသနည်း'' ဟုမေးလေ၏။သူတို့က``ဤအရပ်တွင်ပြည့်တန်ဆာမဟူ၍ မရှိပါ'' ဟုပြန်ဖြေကြ၏။
22 ထိုအခါသူသည်ယုဒထံသို့ပြန်လာ၍``ကျွန်ုပ် သည်ထိုမိန်းမကိုရှာ၍မတွေ့ပါ။ အရပ်သားတို့ ကလည်းထိုနေရာတွင်ပြည့်တန်ဆာမဟူ၍ မရှိကြောင်းပြောပါသည်'' ဟုဆိုလေ၏။
23 ယုဒက``ထိုပစ္စည်းများကိုသူယူထားပါစေ။ ကျွန်ုပ်တို့ကဲ့ရဲ့ခြင်းကိုမခံလိုပါ။ ကျွန်ုပ်သည် သူ့အားအခပေးရန်ကြိုးစားသော်လည်း သင် သည်သူ့ကိုရှာမတွေ့ခဲ့ပါ'' ဟုဆိုလေ၏။
24 သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
25 တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
26 ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။
27 တာမာသည်သားဖွားချိန်စေ့သောအခါကိုယ်ဝန် တွင်အမြွှာရှိကြောင်းသိရလေသည်။-
28 မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
29 သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။-
30 ထိုနောက်လက်တွင်ကြိုးနီချည်ထားသောညီဖွား မြင်လာ၏။ သူ့အားဇာရဟုနာမည်မှည့်လေသည်။